ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်

ပြည် ဇွန် ၂၁

ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က ပြည်ခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးမိုးသန်းက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ၏ သဘောသဘာဝများအား ရှင်းလင်းပို့ချ ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ယနေ့ ညနေပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ၏ အရေးပါပုံနှင့် ပြည်သူ့ဆက်ဆံရေးမှူး တစ်ဦးတွင် ထားရှိသင့်သည့် အရည်အချင်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက ပြည်သူ့ဆက်ဆံရေး နည်းလမ်းကောင်းများနှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ဆွေးနွေးပို့ချခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၅)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန်လ (၂၀)ရက်မှ (၂၄)ရက်ထိ (၄) ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ကိုစိုး(ပြည်)