ဘားအံ ဇွန် ၂၁
နေပြည်တော်တွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျင်းပပြီးစီးခဲ့သော ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ဆုရကရင်ပြည်နယ်တိုက်ကွမ်ဒိုအသင်းအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်ကိုယ်စားပြု အမျိုးသား (၈) ဦး၊ အမျိုးသမီး (၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ငွေတံဆိပ် (၂) ဆုနှင့် ကြေးတံဆိပ် (၂) ဆုရ ယူဆွတ်ခူးပေးခဲ့သည့်အတွက် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ လာမည့်နှစ်များတွင်လည်း ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးစားအားထုတ်ပြီး တိုက်ကွမ်ဒိုအားကစားနည်းဖြင့် ကရင်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ဂုဏ်ဆောင်ပေးနိုင်ကြသူများ အဖြစ် ဆက်လက်ကြိုးပမ်းအားထုတ်သွားကြစေလိုကြောင်း၊ ဆုတံဆိပ်များရယူပေးခဲ့သည့် ကရင်ပြည်နယ် တိုက်ကွမ်ဒိုအားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများအား ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်တို့က ဆုတံဆိပ်ရအားကစားသမားများနှင့် နည်းပြ/အုပ်ချုပ်သူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကရင်ပြည်နယ် တိုက်ကွမ်ဒို အသင်းအုပ်ချုပ်သူ ဦးစတင်အောင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အားကစားသမားများနှင့် နည်းပြ/အုပ် ချုပ်သူများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)