ကြို့ပင်ကောက်မြို့နယ် Community Center ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ပြုလုပ်

ကြို့ပင်ကောက် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို  ယနေ့ မွန်းလွဲပိုင်းက ကြို့ပင်ကောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်လေးက မူးယစ်ဆေးအန္တရာယ်နှင့် ဆိုးကျိုးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မူးယစ်ဆေး၏အန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးကြောင့် ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ စသည်တို့ကိုအသိပညာပေး ဆွေးနွေးဟောပြော၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲကိုပြုလုပ်ရာ ဘုကြီးကျေးရွာအခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများက ခင်းကျင်းပြသ‌ထားသော စာအုပ်စာစောင်များအား  လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) တွင် နိုင်ငံ၏နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များတွင် အသိပညာပေးဟောပြောပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏပြိုင်ပွဲများကို ဂုဏ်ပြုကျင်းပ ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)