ဒေးဒရဲမြို့၌ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများ၏ စိုက်ပျိုးသီးနှံများ အထွက်နှုန်း တိုးတက်မြင့်မားရေး၊ တောင်သူများ၏ လိုအပ်ချက် အခက်အခဲများကို အမြန်ဆုံးဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်ရေးအဖွဲ့များက သက်ဆိုင်ရာ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ မိုးစပါးလျာထားဧကများ ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများ၏ လိုအပ်ချက်များ၊ တင်ပြချက်များကို ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့များက ပြန်လည်တင်ပြသွားကြရန်၊ သီးနှံဖျက်ပိုးများ၊ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေး ဒေသခံပြည်သူများနှင့် ပူပေါင်းဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးသွားကြရန် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆင်းကြီးကြပ်ရေး တာဝန်ပေးအပ်ထားသောအဖွဲ့ (၁၂)ဖွဲ့ တာဝန်ရှိသူများက ရာသီအလိုက် စီမံကိန်းသီးနှံများ လျာထားဧကအတိုင်း စိုက်ပျိုးပြီးစီးရေး ဆောင်ရွက်ထားရှိမှုများ၊ တောင်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်နှင့် သီနှံဖျက်ပိုးများကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေး ပူးပေါင်းဆောင်ရွက် ထားရှိမှုများကို တင်ပြဆွေးနွေးကြရာ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ပူးပေါင်း၍ အလျင်မြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း