ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အဖြစ် သစ်ပင်များစိုက်ပျိုးပွဲကျင်းပ

ဖျာပုံ  စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌   အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ အဖြစ် သစ်ပင်များ စိုက်ပျိုးပွဲကို ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဖျာပုံတံတား အနီး အားကစားခန်းမရှေ့တွင်  ယမန်နေ့ ညနေ(၅)နာရီအချိန်၌  ဆောင်ရွက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၇)ရက်နေ့တွင် ပထမအကြိမ်အဖြစ်စတင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့သည် နိုင်ငံတကာနှင့်မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက် ရှိသော ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ကူးစက်ရောဂါ သည်လေထုအတွင်းပျံ့နှံရာမှလည်း တစ်ဦးမှ တစ်ဦး ကူးစက်မှုအား ပိုမိုဖြစ်ပေါ်စေသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား လိုက်နာ၍ ပတ်ဝန်းကျင်လေထုအား သန့်ရှင်းနိုင်ရန် အတွက် ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်ဝန်းကျင် ညီမျှမှုရှိအောင် သစ်ပင်စိုက်ပျိုးပွဲကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ ဖျာပုံခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ဆောင်ပုဒ်မှာ “လေထုသန့်ရှင်းဖို့ အားလုံးပါဝင်ဆောင်ရွက်စို့” ဖြစ်ပြီး သစ်ပင်ပေါင်း (၅၀)ပင် စိုက်ပျိုးခဲ့ပြီး ပြည်သူများမှလည်း မိမိပတ်ဝန်းကျင်ရှိလေထုသန့်ရှင်းဖို့ သစ်ပင်စိုက်ပျိုးပြီး ရှင်သန်အောင် ပျိုးထောင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း ဖျာပုံခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦးက ပြောကြားခဲ့သည်။

လှလှနွယ် (ခရိုင်ပြန်/ဆက်)