ကြံခင်း ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်မှ ကြံခင်း မြို့နယ်မီးသတ်ဦးစီးဌာနတွင် တပ်ဖွဲ့ဝင်များစုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင် ဆောင်ရွက်ထားရှိခြင်းကို ယမန်နေ့နေလည်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ပထမဦးစွာ ခရိုင်လက်ထောက်ညွှန်မှူး ဦးစိုးနောင်မှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် တွေ့ဆုံပြီး မိုးတွင်းကာလရေကြီးရေလျှံမှု၊ လေဘေးစတဲ့ သဘာဝဘေးကြုံတွေ့လျှင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးပညာ ကျွမ်းကျင်စေရန် အမြဲမပြတ် လေ့ကျင့်ပေးရန်၊ သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့များ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရန် မှာကြားခဲ့သည်။
ထို့နောက် သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ စုဖွဲ့ထားရှိမှုနှင့် သဘာဝဘေး ကြုံတွေ့လျှင် ကယ်ဆယ်ရေးပစ္စည်းများ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကြံခင်း(ပြန်/ဆက်)