လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

လေးမျက်နှာ ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာ ထည့်သွင်းစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်း၌ စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်(၂၆) တောင်သူဦးဋ္ဌေးအောင်၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။

မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲသို့ ဟင်္သာတခရိုင် စိုက်ပျိူးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်နှင့် လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေတို့မှ တက်ရောက်လာသူများအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိူးခြင်းဖြင့် ရရှိနိုင်မည့် အကျိူးကျေးဇူးများနှင့် မြေဆီလွှာ၏ ဂုဏ်သတ္တိများ ပြောင်းလဲလာကာ ဓာတ်မြေသြဇာ လျှော့ချသုံးစွဲနိုင်ပြီး စပါးအထွက်နှုန်း တိုးတက်စေကြောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိူးခြင်းကို ဆောင်ရွက်ရာ တက်ရောက်လာသူများမှ ကြည့်ရှုအားပေးခဲ့သည်။ လေးမျက်နှာမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ၁၀၀၈ ဧက ထည့်သွင်းစိုက်ပျိူးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ဟင်္သာတခရိုင် စိုက်ပျိူးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်ဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိူးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူ တောင်သူများ တက်ရောက်ခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)