လေးမျက်နှာမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

လေးမျက်နှာ  စက်တင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက လေးမျက်နှာမြို့ အထွေထွေ ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကျင်းပခဲ့ သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ဥက္ကဋ္ဌ ဒေါ်ကျင်ဌေးက (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့(ခွဲ)အဖွဲ့ဝင်များမှ ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲကျင်းပမည့် ကာလအတွင်း မဲလက်မှတ်များ သိုလှောင်ခြင်း၊ စုဆောင်းခြင်းနှင့် သယ်ဆောင်ခြင်းလုပ်ငန်းများ၊ မဲဆန္ဒရှင် စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြို့ပေါ်/ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ မဲရုံများကို မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် အသီးသီးတို့က ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေး တင်ပြသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများက ရွေးကောက်ပွဲ အောင်မြင်နိုင်ရေး အတွက် လိုအပ်သည့် ရွေးကောက် ပွဲဆိုင်ရာ လုပ်ငန်းများနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို အပြန်အလှန် ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)