ထားဝယ် ဇွန် ၂၁
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးခန်းမ၌ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက တိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (၈)ခုကို ဖွဲ့စည်း တာဝန်ပေးအပ်၍ ဆောင်ရွက်လျက်ရှိပြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေး အလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှု များအားလျော့နည်း ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် ခိုင်းစေခြင်းခံသော ကလေးအလုပ်သမားများကို စိစစ်ဖော်ထုတ်၍ ဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ဖယ်ရှားကုစားရန်၊အခမဲ့ ကျောင်းပညာရေးနှင့် သက်မွေးပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်၍သင့်လျှော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိသည်အထိ ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြင့် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားရရှိနိုင်ရေးအတွက်အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးက ဌာနမှဆောင်ရွက်နေသည့် အသိပညာပေးဆောင်ရွက်မှုများ၊ ဌာနဆိုင်ရာများအလိုက်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက် ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြဆွေးနွေးပြောကြားပြီး ကော်မတီဝင်များက လုပ်ငန်း ဆောင်ရွက်ချက်များ၊ လိုအပ်ချက်များနှင့်ထပ်မံ၍ ပေါင်းစပ်ဆောင်ရွက်ရမည့်အကြောင်းအရာများအား အကြံပြုဆွေးနွေးရာတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ဆွေးနွေးချက်များအပေါ် လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)