ပြည်ခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွက် ဂျပန်နိုင်ငံ ရှန်တီ‌စေတနာ့ဝန်ထမ်း အဖွဲ့ (SVA) မှ စာအုပ်များ လှူဒါန်း

ပြည် ဇွန် ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံး ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွက် ယနေ့ နံနက် ၁၀ နာရီက ဂျပန်နိုင်ငံ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (Shanti Volunteer Association)(SVA) မှ စာအုပ်များလာရောက် လှူဒါန်းကြောင်း သိရသည်။

စာအုပ်များလှူဒါန်းရာတွင် ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့ (SVA) မှ ဦးသော်တာစိုးနှင့် အဖွဲ့ကဂျပန်နိုင်ငံမှ မှတ်ပုံတင်ထုတ်ဝေထားသည့် (မြန်မာဘာသာပြန်) ကလေးဖတ် ရုပ်ပြပုံပြင်စာအုပ် (၁၂)မျိုးပါ အုပ်(၆၀) နှင့် စက္ကူပြဇာတ်(တစ်စုံ) တို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးပြည်သူ့ စာကြည့်တိုက်ခန်းမ၌ ခရိုင်ပြန်/ဆက် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးနှင့် ဦးစီးအရာရှိ ဦးအောင်ကိုသန့် တို့ထံပေးအပ်လှူဒါန်းရာ လှူဒါန်းမှုအတွက် ခရိုင်ပြန်/ဆက် ဦးစီးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(SVA)မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်အတွင်း မြို့နယ်များဖြစ်သော ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်နှင့် သဲကုန်းမြို့နယ်ရုံး ကလေးစာဖတ်ခန်းများ အတွက်လည်း အလားတူစာအုပ်များ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)