ပေါက်ခေါင်း ဇွန် ၂၁
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ပြုလုပ်ခဲ့သည်။
ထိုသို့ပြသဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များစာပေဖတ်ရှုခြင်းဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ လေ့လာနိုင်ရန်နှင့် ရုံးစာကြည့်တိုက်သို့ စာအုပ်များငှားရမ်းဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စာအုပ်ပြပွဲဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ ဆေးလိပ်သောက်သုံးခြင်းနှင့် ကွမ်းစားခြင်းတို့ကြောင့် ကင်ဆာရောဂါများဖြစ်ပွားပုံ အကြောင်းအရာပါ နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့်စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်းကြသည့် ပြည်သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)