ပေါင်းတည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့် အထက် အဘိုးအဘွား ၁၂၉၆ ဦးအား လူမှုရေးပင်စင်ထောက်ပံ့

ပေါင်းတည်  ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက လူမှုရေးပင်စင်ထောက်ပံ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ဘက်ဂျက် ပထမ ၃ လပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် အဘိုး၊ အဘွားတစ်ဦးလျှင် ၁ လ တစ်သောင်းကျပ်နှုန်းဖြင့် ၃ လတစ်ကြိမ် ထောက်ပံ့လျက်ရှိကြောင်းနှင့် ထောက်ပံ့ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးမှ ပေါင်းတည်မြို့နယ်အတွင်းရှိ အဘိုး၊ အဘွား ၁၂၉၆ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်းဖြင့် စုစုပေါင်း ၃၈,၈၈၀,၀၀၀/- (ကျပ်သုံးရာရှစ်ဆယ်ရှစ်သိန်းရှစ်သောင်းတိတိ)ထောက်ပံ့ခဲ့ရာ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးစိုးကျော်ထွန်းက လက်ခံရယူခဲ့ပြီး သက်ဆိုင်ရာ ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အဘိုး၊ အဘွားများအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အေးအေးဆင့်