ပေါက်ခေါင်း ဇွန် ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရခွင့်ပြု ရန်ပုံငွေနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် ကျေးလက်ရေရရှိရေး အဝီစိတွင်း နက်တူးဖော်ခြင်းနှင့် ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများက ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများသို့ ပေါက်ခေါင်း မြို့နယ်ကျေးလက်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဇော်နှင့် ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဗောဓိကုန်းရွာ ၁/၁.၅၄၅ မိုင်ရှိ မြေသား၊ ကျောက်ရောမြေနီ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကင်ပွန်းခြုံကျေးရွာနှင့် ဒွရွာကျေးရွာတို့တွင် ကျေးလက်ရေရှိရေးအတွက် တွင်းနက်အဝီစိတွင်း ၄" PVC ၄၀၀' တူးဖော်ခြင်းနှင့် ရေဂါလံ ၅၀၀၀ ဆံ့ရေစုကန် တည်ဆောက်ပေးခြင်း၊ ဆင်ဖြူကန်ကျေးရွာ ၀/၅.၅၆၇ မိုင်ရှိမြေသား ကျောက်ရောမြေနီ ကျေးလက်ကုန်ထုတ် လမ်းဖောက် လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)