တောင်ငူ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနCommunity Center ခန်းမတွင် ယနေ့နံနက်ပိုင်းက ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက ဒေသခံပြည်သူများ တပိုင်တနိုင် အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများရရှိစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် သင်တန်းနည်းပြ ဦးဇော်ကိုကိုက ဆပ်ပြာရည်ပြုလုပ်နည်းတွင် ပါဝင်သည့် ပစ္စည်းများ၏ အမျိုးအမည်များ၊ ထည့်သွင်း ဆက်စပ်နည်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်ကြသည့် သင်တန်းသား ၁၅ ဦးနှင့်အတူ ဆပ်ပြာရည် ပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့ ပြုလုပ် သင်ကြားပေးသည်။
သင်တန်းအပြီးတွင် သင်တန်းသားများက တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ ပြတိုက်ငယ်နှင့် ကလေးစာဖတ်ခန်းအား ဝင်ရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး စာကြည့်တိုက် အသင်းဝင်ကတ်များ ပြုလုပ်ဆောင်ရွက်ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်