ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှထိုးနည်းသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး

ပွင့်ဖြူ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် Women Club တို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် ပန်းအလှထိုးနည်းသင်တန်းကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ပန်းအလှထိုးနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် သင်တန်းကို ဖွင့်လှစ်ကာ တက်ရောက်လာသည့်သင်တန်းသား၊ သင်တန်းသူများကို မြို့နယ် Women Club အဖွဲ့မှ သင်တန်းနည်းပြများက စက်ဝိုင်းပုံပန်းထိုးနည်း၊ ပန်းခြင်းပန်းထိုးနည်း၊ ယပ်တောင်ပုံ ပန်းထိုးနည်း စသည့် ပန်းအလှထိုးနည်းပညာရပ်များကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ ဖွင့်လှစ် ပို့ချ သင်ကြားပေးခဲ့ ကြသည်။

အဆိုပါ ပန်းအလှထိုးနည်းသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ပွင့်ဖြူမြို့၊ အမှတ်(၂)အခြေခံမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် Youth Club အဖွဲ့မှ အဖွဲ့ဝင်များ၊ စုစုပေါင်း သင်တန်းသား ၁၂ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)