ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (ကျား/မ)ရေးရာ အခြေပြုအကြမ်းဖက်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ပခုက္ကူ ဇွန် ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးပြီး (ကျား/မ)ရေးရာအခြေပြု အကြမ်းဖက်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၁ရက် နံနက် ၁၀နာရီခွဲအချိန်က ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပိတောက်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ အကြမ်းဖက်မှုဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းများ၊ အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးဆိုင်ရာနှင့် ထိခိုက်နစ်နာစေသော လူမှုဓလေ့ထုံးတမ်းဆိုင်ရာ စသည့် အကြမ်းဖက်မှုအမျိုးအစားများ၊ ကျား/မ သဘောသဘာဝများအကြောင်းတို့ကို Power Point ဖြင့် ရှင်းလင်းဟောပြောသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက (ကျား/မ)ရေးရာ အခြေပြုအကြမ်းဖက်ခြင်းနှင့် ပတ်သက်၍ မိမိတို့သိရှိလိုသည်များကို အသီးသီးမေးမြန်းကြရာ ခရိုင်ဦးစီးမှူးက ပြန်လည်ဖြေကြားပြီး အပြန်အလှန်ဆွေးနွေးကြသည်။

ထို့အပြင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ရုံးဝန်ထမ်းများပူးပေါင်းပြီး ၂၀၂၂ခုနှစ်၊ ဇွန်လ၂၆ရက်တွင် ကျရောက်တော့မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်(၂၀၀)ကျော်နှင့် (ကျား/မ)ရေးရာ အခြေပြုအကြမ်းဖက်ခြင်းဆိုင်ရာ အသိပညာပေး စာစောင်(၂၀၀)ကျော်တို့ကို ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေ ကြကြောင်းသိရသည်။

ဘာမီသာ(ပခုက္ကူ)