ပန်းတနော် ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် တောင်သူနည်းပညာပေးခြင်းနှင့် ရွှေခရုကြိုတင်ကာကွယ်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ကျုံတိုင်းကလေးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မိုးထွန်းက တောင်သူနည်းပညာပေးခြင်းနှင့် ရွှေခရုကြိုတင်ကာကွယ်ရေး နည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျုံတိုင်းကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ တောင်သူများ အကျိုးရှိစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဦးမင်းထွန်းက ဓာတ်မြေသြဇာ အကျိုးရှိစွာ သုံးစွဲရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးအကြောင်း၊ သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲရေး၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောနှောအသုံးပြုရေးတို့အား ရှင်းလင်းပြောကြားခြင်းနှင့် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်လဲ့လဲ့အိမှ ရွှေခရု၏ သွင်ပြင်လက္ခဏာ၊ မျိုးပွားခြင်း၊ စားသောက်နေထိုင်ပုံ၊ ဖျက်ဆီးမှုလက္ခဏာ၊ ကာကွယ်နှိမ်နင်းခြင်းနည်းပညာ စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ခရုအန္တရာယ်ကင်းဝေးဖို့ စုပေါင်းကာကွယ်နှိမ်နင်းစို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)