လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းဆွေးနွေး

ကျောင်းကုန်း ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ NCMSU Working Group ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို အ.ထ.က(၁)ကျောင်းဝန်း "အနာဂတ်ပန်းခင်းစာကြည့်တိုက်"၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး နော်သဝါးက ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုသည်မှာ လူမှုရေးအရ ခွဲခြားသတ်မှတ်သည့် ကျား၊ မ ရေးရာ စံနှုန်းများအပေါ် အခြေခံ၍ တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒကို ဆန့်ကျင်လျက် ထိခိုက်နစ်နာစေရန် ကျူးလွန်သည့် အပြုအမူများမှာ ထိခိုက်နစ်နာစေမှု(သို့) ဝေဒနာခံစားမှုများကို ဖြစ်ပေါ်စေသည့် အပြုအမူများ၊ ထိုအပြုအမူများပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းနှင့် လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်သည့် အခြားအပြုအမူများ ပါဝင်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် နေရာမရွေး၊ အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း၊ အကြမ်းဖက်မှုအမျိုးအစား (၅)မျိုးရှိကြောင်း၊ ၎င်းတို့မှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဆက်သွယ်ရေး နည်းပညာကို အသုံးပြု၍ အကြမ်းဖက်ခြင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက ကျောင်းကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အမှုအခင်းများနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးထားမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြပြီး၊ လှေကွဲလဟာအုပ်စု၊ ကုန်းတောညိုကျေးရွာမှ အဓမ္မပြုကျင့်ခံရပြီး အသက်သေဆုံးသွားသည့် (၁၁)လသမီးလေး၏ မိခင်အား တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး နော်သဝါးက တရားရင်ဆိုင်စရိတ်ငွေကျပ် (၁)သိန်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်က ငွေကျပ်(၃)သောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)