ပန်းတနော် ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြပွဲကို ဆုတောင်းပြည့်ကျေးရွာရှိ ဦးကျော်ငြိမ်းဧ၏ လယ်ယာမြေ ဧက ၂၀ တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ လုပ်ဆောင်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများက ဆင်းသုခစပါးမျိုးအား ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးခဲ့ကြပြီး မြို့နယ်ဦးစီးမှူးဦးကျော်မိုးထွန်းမှဒေသနှင့် ကိုက်ညီသော စပါးမျိုးကို ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးပါက စပါးပင်များသန်စွမ်းကာ အထွက်နှုန်း ကောင်းမွန်သည့်အပြင် မျိုးစေ့နှုန်းထား အကုန်ကျသက်သာမည်ဖြစ်ပြီး တောင်သူများအတွက် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။
ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ရာတွင် တစ် ဧက ၁ တင်းနှုန်းဖြင့် ပျိုးထောင်ရပြီး ပျိုးကွက်များအတွင်း မြေဆွေး၊ နွားချေး၊ စက်ဖွဲပြာများအား ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ပျိုးပင်များသန်စွမ်း၍ မျိုးကောင်းမျိုးသန့်များရရှိကာ အထွက်နှုန်း ကောင်းမွန်မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)