ဖျာပုံမြို့တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြည်သူ့ဆက်ဆံရေး သင်တန်းဖွင့်

ဖျာပုံ ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများအား ပြည်သူ့ဆက်ဆံရေးကို သိရှိနားလည်ပြီး လုပ်ငန်းခွင် လက်တွေ့ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်၊ ပြည်သူလူထုအား ထိရောက်သည့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန်၊ ဝန်ဆောင်မှုအနေဖြင့် လက်တွေ့လုပ်ကိုင် ဆောင်ရွက်ရာတွင် ကျွမ်းကျင်စွာ ပြောဆိုဆက်ဆံနိုင်ရန် ရည်ရွယ်၍ ယမန်နေ့ ညနေ (၄)နာရီအချိန်က ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းဖွင့်ပွဲကို အဆိုပါရုံး သင်တန်းခန်းမ၌ ပြုလုပ်သည်။

အဆိုပါသင်တန်းသို့ ဖျာပုံခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်ထွန်း၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးနှင့် ဖျာပုံခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှ ဝန်ထမ်းများ တက်ရောက်ကြပြီး ဖျာပုံခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ် ဆင့်ဆင့်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ဌာနသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့‌ ဆောင်ရွက်နေသော ဌာနဖြစ်ပါကြောင်း မိမိတို့ဌာနရှိ ဝန်ထမ်းများသည် အများပြည်သူအား ဝန်ဆောင်မှုများပေးရာတွင် ထိရောက်သည့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန်အတွက် ပြည်သူ့ဆက်ဆံရေးသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင်သင်ကြားပို့ချပေးသော ဘာသာရပ်များကို သေချာစွာ ကြိုးစားသင်ယူပြီး မိမိတို့လုပ်ငန်းခွင်ရှိ အများပြည်သူများနှင့် ပြောဆိုဆက်ဆံရာတွင် ကောင်းမွန်သော ဝန်ဆောင်မှုကောင်းများဖြင့် ဆောင်ရွက်စေလိုကြောင်း သင်တန်းဆင်းပြီး နောက်ပိုင်းတွင်လည်း အများပြည်သူတို့အတွက် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန် ဆက်လက်ဆည်းပူး လေ့ကျင့်ဆောင်ရွက် သွားကြ‌စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက ပြည်သူ့ဆက်ဆံရေး ဘာသာရပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ ပြည်သူ့ဆက်ဆံရေး (PR)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ (PR)စနစ်ဖြင့် ထိရောက်စွာ အသုံးချနိုင်မည့် နည်းလမ်းများ၊ ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ပြည်သူ့ဆက်ဆံရေး၏ အဓိပ္ပယ်၊ ပြည်သူကိုဗဟိုပြုသော အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများအကြောင်း ပြောကြားသည်။ အဆိုပါသင်တန်းသို့ ဖျာပုံခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးမှအရာထမ်း၊ အမှုထမ်းသင်တန်းသား၊ သင်တန်းသူ (၁၆)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂၀-၆-၂၀၂၂)မှ (၂၄-၆-၂၀၂၂) ထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဖျာပုံခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)