ကရသူရိမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပြပွဲဆောင်ရွက်

ကရသူရိ ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ ပြသခြင်းကို ယမန်နေ့ မွန်လွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးသုံးစွဲခြင်း၏ ဆိုးကျိုးများကို ကျောင်းသား/သူများ အသိပညာရရှိပြီး ရှောင်ရှားနိုင်စေရန်အတွက် ပညာပေးပြသခြင်းဖြစ်ရာ ထိုသို့ပြသရာတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးစတင်သုံးစွဲလာပုံ၊ WY ဆေးပြား များ၊ ဘိန်းသီးများနှင့် ဆေး‌ခြောက်များအကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှတ်တမ်း ဓာတ်ပုံများနှင့် မူးယစ်ဆေးဝါးဖြတ်တောက်နည်းစာစောင်များကို ပြသထားကြောင်း အဆိုပါပြပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)