ရှမ်းရွာသစ်မြို့၌ မဲရုံလုံခြုံရေး အထူးရဲ(၁၆)ဦးခန့်အပ်သွားမည်

ရှမ်းရွာသစ်၊ စက်တင်ဘာ  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲရုံအသီးသီးတွင် လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲ (၁၆) ဦးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်မြို့၌ မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုတို့တွင် မဲရုံပေါင်း (၁၆) ရုံ ထားရှိသွားမည်ဖြစ်သောကြောင့် မဲရုံလုံခြုံရေးအတွက် အထူးရဲ (၁၆) ဦးကိုခန့်မည်ဖြစ်ကြောင်း၊ အထူးရဲတွေအနေနဲ့သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ပြည်သူများ စိတ်ချစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ယူ ဆောင်ရွက်ရန်ဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့ဝင်များအနေနဲ့ကတော့ ရွေးကောက်ပွဲကာလတွင် မဲဆန္ဒရှင်များမဲပေးနိုင်အောင် နှောင်ယှက်ဟန့်တားမှုများမဖြစ်ပေါ်စေရေးနှင့် မဲရုံပရဝဏ်နှင့် ကိုက်(၅၀၀)အတွင်း အသံချဲ့စက်များ ဆူညံစွာဖွင့်လှစ်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးများသောက်စားရမ်းကားမှုများ မဖြစ်ပေါ်စေရေးနှင့်လွတ်လပ်၍ တရားမျှတစွာကျင်းပနိုင်ရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံစွာဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအထူးရဲများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁)ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၁၅) ရက်နေ့အထိ ရက်ပေါင်း (၄၆)ရက် ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ လမ်းညွှန်ချက်နှင့်အညီ အထူးရဲ (ဆင့်ပွား) သင်တန်းဆင်းအရာရှိများက သင်တန်းပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်နေစဉ်ကာလတွင် အထူးရဲတပ်ဖွဲ့ဝင်များအတွက် နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကိုဗစ်-၁၉ ကူးစက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)