မင်းလှ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာထုတ်ယူရာ၌ ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအနှင့်အညီ ယနေ့နံနက် ၇ နာရီမှစတင်ကာ စနစ်တကျထုတ်ပေးလျက်ရှိကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် ဇွန်လအတွက် ပင်စင်ထုတ်ယူမည့်ဦးရေ(၂၃၀၀)ကျော်အနက်မှ လစဉ်(၁၇၀၀)ဦးကျော်ခန့်သာထုတ်ယူလျက်ရှိပြီး၊ ဇွန်လ ၂၁ ရက်မှစတင်ကာ နံနက် ၇ နာရီမှ နေ့လည် ၂ နာရီအထိ ပင်စင်လစာငွေများကို ရပ်ကွက်/ ကျေးရွာများအလိုက် စနစ်တကျထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလနောက်ပိုင်းတွင် ဘဏ်ဖွင့်သည့် ရုံးချိန်အတွင်း မည်သည့်ရက်တွင်မဆို လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှသိရသည်။
ပေါက်စ (မင်းလှ)