ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပွင့်ဖြူ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန် ၂၁ ရက်၊ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့မှ နာယက ဦးအောင်စန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေး ကျင်းပဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် သုတရသ စာပေအကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက စာဖတ်ဝိုင်းဆွေးနွေး ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ရာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုးက စာရေးဆရာမ ဒေါက်တာမတင်ဝင်း(တက္ကသိုလ်) ရေးသားသည့် " ပညာလိုလျှင် ပျိုမျစ်တယ် " စာအုပ်တွင် ပါဝင်သော ပညာရေးကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာများ၊ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် ပညာသင်ကြားမှုနည်းစနစ်များကို ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက မိမိတို့ဖတ်ရှုလေ့လာခဲ့သည့် သုတရသ စာပေအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့၊ Youth Club အဖွဲ့တို့နှင့် ပူးပေါင်းပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲကို လစဉ် စီစဉ်ကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )