ပွင့်ဖြူမြို့နယ်၌ ပေါ်ဦးပေါ်စ နှမ်းဖြူတစ်တင်း ငွေကျပ် ၅၇၀၀၀ နှုန်း ရောင်းချရ၍ တောင်သူများအဆင်ပြေ

ပွင့်ဖြူ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ  မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ သိမ်းဆည်းလျက်ရှိရာ ပေါ်ဦးပေါ်စ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ် ၅၇၀၀၀ နှုန်းဖြင့် ရောင်းချရ၍ ဈေးကောင်းရရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှမ်း၊ နေကြာ၊ မြေပဲ၊ ပန်းနှမ်း စသည့် ဒေသနှင့်ကိုက်ညီသော ဆီထွက်သီးနှံမျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ ယခု ၂၀၂၂ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း ဆီထွက်သီးနှံ နွေနှမ်းကို ဆင်းရတနာ () နှမ်းဖြူ၊ စမုံနက်၊ သိပ္ပံနှမ်းနက်တို့ကို စားသုံးဆီဖူလုံစေရေးအတွက် ၆၀၉၂၈ ဧက လျာထား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ ယခုအခါ ‌‌မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီဆည်မှ ဆည်ရေများကို တောင်သူများ စိုက်ပျိုးထားရှိသော နွေနှမ်းစိုက်ခင်းများကို စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ လုံလောက်စွာ ရယူသုံးစွဲနိုင်အောင် စနစ်တကျ ဖြန့်ဝေးပေးသည့်အတွက် နွေနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းကာ တစ်ဧကလျှင် ၁၅ တင်းခန့် ထွက်ရှိကြောင်းနှင့် နှမ်းဖြူတစ်တင်းလျှင် ပေါဦးပေါ်စ ငွေကျပ် ၅၇၀၀၀ နှုန်း ရောင်းချရသဖြင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ နွေနှမ်း စိုက်ပျိုးတောင်သူ ဦးကျော်ဆန်းထံက သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက နွေနှမ်းစိုက်ပျိုးလယ်မြေများ၌ မိုးစပါးနှင့် အခြားမိုးသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နွေနှမ်းစိုက်ခင်းများကို သိမ်းဆည်း ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကလည်း ‌တောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေး ယခုလ ၁၅ ရက်နေ့ကစပြီး မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေများအတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။       

လှိုင်ဝင်းလေး