ပဲခူးမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၁/၂၀၂၂) ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူး ဇွန် ၂၁

ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့ဆက်ဆံရေးသင်တန်း(၁/၂၀၂၂)ကို ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီးပဲခူးမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးထင်ပေါ်က ပြည်သူ့ဆက်ဆံရေးသင်တန်းများကို နေပြည်တော် (ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ခရိုင်ရုံးများအားလုံးမှာ တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်းဖွင့်လှစ်ပြီး သင်တန်းပို့ချမှာဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင်၊ ပြည်သူများနှင့်ဆက်ဆံဆောင်ရွက်သည့်အခါ အထောက်အကူဖြစ်စေရန်နှင့် ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးသည့်နေရာမှာလည်း လုပ်ငန်းလာရောက်ဆောင်ရွက်သည့်ပြည်သူကို စိတ်ကျေနပ်သည်အထိ ဝန်ဆောင်မှုပေးနိုင်ရန်လိုကြောင်း၊ ဝန်ဆောင်မှုပေးရာမှာလည်း (၁)လုပ်ငန်းမြန်ဆန်သွက်လက်စွာ ဆောင်ရွက်ပေးခြင်း(၂)ချိုသာစွာပြောဆိုခြင်း၊ (၃) စိတ်ရှည်သည်းခံခြင်း၊ (၄)နွေးထွေးပျူငှာစွာဆက်ဆံခြင်း၊ (၅) လုပ်ငန်းပြီးမြောက်သည်အထိ ဂရုစိုက်ခြင်းစသည့်အချက်တွေကို အလေးထားဂရုတစိုက် ပြုမူလုပ်ကိုင်ပေးခြင်းသည်လည်း ဝန်ဆောင်မှုကောင်းပေးတာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိဒေါ်နိုင်နိုင်မော်က ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း၌ သင်ကြားပို့ချမည့်ဘာသာရပ်များ၊ သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလှမျိုးအောင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးထင်ပေါ်နှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ပြီး သင်တန်းအား(၂၀.၆.၂၀၂၂)ရက်နေ့မှ (၂၄.၆.၂၀၂၂)ရက်နေ့ထိ (၅)ရက်ဖွင့်လှစ်မည်ဖြစ်ရာ ဝန်ထမ်းများ လုပ်ငန်းခွင်မပျက်စေရန် ညနေ(၁၆:၀၀)နာရီမှ (၁၇:၃၀)နာရီထိ တစ်နေ့ကို သင်တန်းချိန်(၂)ချိန် သင်ကြားပို့ချကာ သင်တန်းသူ၊ သင်တန်းသား(၄၄)ဦး တက်ရောက်ကြကြောင်းသိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)