ထားဝယ်မြို့တွင် အသက်မွေးကြောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းဖွင့်လှစ်

ထားဝယ် ဇွန် ၂၁

ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ အသက်မွေးကြောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးရဲခေါင်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းအားဖြင့် ကျေးရွာနေပြည်သူများ၏ တနိုင်တပိုင် မိသားစုလုပ်ငန်းများအတွက် အထောက်အကူပြုမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းနှင့်ကျေးလက်လူငယ်များ၏ အခန်းကဏ္ဍကို ပိုမိုမြင့်တင်ပေးရာရောက်ကြောင်း၊သင်တန်းသူများအနေဖြင့် သင်တန်းအား အပျက်မကွက် တက်ရောက်သွားရန်နှင့် သင်တန်းမှပို့ချသည့် သင်ခန်းစာများအား စနစ်တကျလေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူး ဦးအောင်လွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးဒေါ်စိုးစိုးသီက သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ နည်းပညာအကူအညီရယူ၍ ကျေးလက်ဦးစီးဌာန ရန်ပုံငွေကျပ် (၁.၂၅၂၅)သန်းဖြင့် သင်တန်းသူ(၁၅)ဦးအား ဇွန် ၂၂  ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

ရွှေပင်လယ်(ထားဝယ်)