ထားဝယ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ထားဝယ် ဇွန် ၂၁

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့ ၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲ ထားဝယ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးဝင်းမောင်လေးက လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍအထူးလေ့လာလိုက်စားစေလိုကြောင်း၊  ပြေးခုန်ပစ်အားကစား အဆင့်အတန်းမြင့်မားရေး၊ လေ့ကျင့်အားပြည့်ဝ၍ခံနိုင်ရည်ရှိသောပြေးခုန်ပစ် အားကစား သမားများဖြစ်လာရေး၊ စည်းကမ်းရှိ၍ အောင်မြင်သော ပြေးခုန်ပစ်အားကစားသမားများဖြစ်လာရေး စသည့် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့် အားကစားနှင့်ကာယပညာ သိပ္ပံဆိုင်ရာများပြေးခုန်ပစ် အားကစားနည်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ဟောပြောသည်။

ထို့နောက် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဦးနိုင်ဝင်းက မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့်သုံးစွဲမှုများသည် လူသားများ၏ ကျန်းမာရေး၊ အေးချမ်းစွာနေထိုင်မှုကို ဆိုးရွားစွာခြိမ်းခြောက်လျက်ရှိပြီး၊ လူအဖွဲ့အစည်း၏စီးပွားရေး၊ လူမှု ရေး၊ ယဉ်ကျေးမှုနှင့်နိုင်ငံရေးအခြေခံ အုတ်မြစ်များကို လိုက်စားလာကြောင်း မူးယစ်ဆေးဝါးသုံးစွဲမှုကို ကုသ၍ရသောရောဂါ တစ်ခုအဖြစ် လူသားချင်းစာနာထောက်ထားမှု အပြည့်ဖြင့် ခွဲခြားဆက်ဆံခြင်းကင်းစွာ ကုသမှုအခွင့်အလမ်းများ တိုးမြှင့်ရရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊  မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် မူးယစ်ဆေးစွဲရောဂါ၏ နောက်ဆက်တွဲရောဂါများ လျှော့ချနိုင်ရေး၊ လူမှုဘဝမြှင့်တင်ရေး စသောလုပ်ငန်းစဉ် များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးအား မသုံးစွဲမိရန် အထူးရှောင်ရှားစေလိုကြောင်း ပြောကြားသည်။၊

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာက စိတ်ဓာတ်ကောင်းပြီး စည်းကမ်းရှိမှ တိုးတက်မည်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိုးသား ဖြောင့်မတ်ပြီး စာရိတ္တကောင်းမွန်အောင်ကြိုးစားကြရန်၊ လူတော်ဖြစ်ရုံသာမကစိတ်ကောင်း၊ နှလုံး ကောင်းပြည့်ဝသော လူကောင်းများ ဖြစ်အောင်လည်း ကြိုးစားကြရန်၊ စိတ်ကောင်းရှိဖို့ပထမဆိုသည့် အတိုင်း စိတ်ကောင်းရှိအောင်၊ စာရိတ္တကောင်းမွန်အောင် ဆရာ/ဆရာမများက လေ့ကျင့်ပျိုးထောင်ပေး ခဲ့ကြပြီးဖြစ်ပါကြောင်း၊ လူတော်လူကောင်းများများပေါ်ထွန်းပြီး မိမိနိုင်ငံနှင့် အမျိုး၊ဘာသာ၊ သာသနာကို တိုးတက်အောင်ဆောင်ရွက် နိုင်ကြပါစေကြောင်းစသည်ဖြင့် ဟောပြောခဲ့ကြသည်။

ယင်းနောက် ကျောင်းသား/သူများအား ဂျူဒိုအားကစားနည်းအား သရုပ်ပြသခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးဝင်းမောင်လေးက အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး က လက်ခံရယူခဲ့ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)