ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၆/၂၀၂၂)အစည်းအဝေးကျင်းပ

ဘားအံ ဇွန် ၂၁

ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၆/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက  ပြည်ပခရီးသွားဧည့်သည်များ လာရောက်တည်းခိုရာတွင် အွန်လိုင်းစနစ်ဖြင့် ဧည့်စာရင်းတိုင်ကြားမှုကို စီမံခန့်ခွဲ၍ အချိန်ကုန်သက်သာကောင်းမွန်သော ဝန်ဆောင်မှုကိုပေးနိုင်မည်ဖြစ်ကြောင်း၊ ဟိုတယ်များလိုင်စင်သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များကို ခရီးသွားလုပ်ငန်းကော်မတီမှ သေချာစွာစိစစ်ဆောင်ရွက်ရန်နှင့် ဧည့်လမ်းညွှန်များကို ပြန်လည်စိစစ်ဖွဲ့စည်းရန်လိုကြောင်း၊ ရှိနှင့်ပြီးသားခရီးစဉ်ဒေသများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့လိုပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိသော ခရီးစဉ်ဒေသသစ်များကိုလည်း ဖော်ထုတ်ဖို့လိုကြောင်းပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုစာရင်းကိုကြည့်ခြင်းအားဖြင့် ကရင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းပြန်လည် ဦးမော့လာသည်ဟုဆိုရမည်ဖြစ်ကြောင်းပြောကြား၍ ခရီးစဉ်ဒေသများနှင့်စပ်လျဉ်း၍ ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပြည်နယ်တာဝန်ခံက ယခင်အပတ်(၅/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ကော်မတီမှလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် (၆/၂၀၂၂)အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့်ကိစ္စရပ်များအား Power Point အသုံးပြု ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့တက်ရောက်လာသော ခရီးသွားလုပ်ငန်းကော်မတီဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြကာ ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)