နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်အတွင်းရှိ ခေတ်မီစံပြကျေးရွာများမှ သမဝါယမအသင်း/အသင်းသားများအတွက် လယ်ယာသုံးစက်ကိရိယာများထောက်ပံ့

ဘားအံ ဇွန် ၂၁

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာသမဝါမနေ့ကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ခေတ်မီစံပြကျေးရွာ(Smart Village)များမှ သမဝါယမအသင်း/အသင်းသားများအတွက် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ် သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့အခမ်းအနားတွင် ခေတ်မီစံပြကျေးရွာများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာများမှ သမဝါယမအသင်းသားများလိုအပ်လျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများကို နိုင်ငံတော်အစိုးရမှ ၅၀ ရာခိုင်နှုန်းထောက်ပံ့၍ ဝယ်ယူသည့် အသင်း/အသင်းသားများမှ ၅၀ ရာခိုင်နှုန်းပေးချေရ သည့် အရစ်ကျစနစ်ဖြင့်ရောင်းချသည့် လယ်ယာသုံးစက်ကိရိယာများအား လွှဲပြောင်းပေးခြင်းဖြစ် ကြောင်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေး အဓိကလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရ၏ပံ့ပိုးကူညီမှု၊ ပြည်နယ်အစိုးရ၏ထောက်ပံ့ကြီးကြပ်မှုများဖြင့် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ (၅)နှစ်၊(၁၀)နှစ်အတွင်း အကောင်အထည်ဖော်ရမည့် လုပ်ငန်းများအား တစ်နှစ်၊ နှစ်နှစ်အတွင်း ပြည့်စုံစေရန် ဆောင်ရွက်သည့်လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ ပြည်နယ်အစိုးရဘတ်ဂျက်မှလည်း ကျပ်သိန်းပေါင်းသောင်းချီ၍ အခြေခံအဆောက်အဦးများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဘတ်ဂျက်များ ခွဲဝေချထားပေးပြီးဖြစ်ကြောင်း၊ ဝယ်ယူသူအသင်းသားများ အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏စေတနာကို နားလည်သဘောပေါက်စွာဖြင့် မိမိတို့၏လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးချ၍ မိမိရပ်ရွာဒေသတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ဆုယဉ်မြင့်က လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မုက္ကဒိကျေးရွာနှင့် နော်ဖဒိုကျေးရွာတို့မှဒေဒေါင်း အမျိုးအစား လယ်ထွန်စက်(၅)စီးနှင့်ဆက်စပ်ပစ္စည်းဝယ်ယူသူ သမဝါယမအသင်း/အသင်းသားများအား စာရွက်စာတမ်းနှင့်စက်ကိရိယာများအား လွှဲပြောင်းပေးအပ်ရာ ကိုယ် စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ယနေ့အခမ်းအနားတွင် ဒေဒေါင်းအမျိုးအစား လယ်ထွန်စက်(၅)စီး တန်ဖိုးကျပ် ၇၈ သန်းနှင့် ဆက်စပ်ပစ္စည်း ထယ်၊ထွန်များ၏ တန်ဖိုးကျပ်(၁၁ဒသမ၉၉)သန်း၊ စုစုပေါင်းတန်ဖိုး ၈၉ ဒသမ ၉၉ သန်းတွင် နိုင်ငံတော်အစိုးရမှ ၅၀ ရာခိုင်နှုန်း ကျပ် ၄၄ ဒသမ ၉၉၅ သန်း ထောက်ပံ့ပြီး ဝယ်ယူ သည့်သမဝါယမအသင်း/အသင်းသားများမှ ကျန် ၅၀ ရာခိုင်နှုန်းဖြစ်သော ၄၄ ဒသမ ၉၉၅ သန်း ကိုသာ အရစ်ကျစနစ်ဖြင့် ခြောက်လတစ်ကြိမ် လေးရစ်ဖြင့် (၂)နှစ်တာကာလအတွင်း ပေးချေရ မည်ဖြစ်ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)