မင်းကင်းမြို့တွင် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မင်းကင်း ဇွန် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အသိပညာပေးလုပ်ငန်းကို ယမန်နေ့ နံနက် ၉နာရီခွဲက တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြပြီး ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ ရပ်ကွက်အတွင်းရှိလူ‌နေအိမ်များအား အဖွဲ့(၃)ဖွဲ့ခွဲ၍  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးခြင်းနှင့် "သွေးလွန်တုပ်ကွေးကင်းဝေးရေး အားလုံးပူးပေါင်း ဆောင်ရွက်ပေး" အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

လှငွေ (မင်းကင်း၊ ပြန်/ဆက်)