မြောင်းမြ ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းတွင် ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် သူနာပြုတွေသည် လူနာတွေနှင့် အချိန်ပြည့် ထိတွေ့ရမှာဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝါသနာအရင်းခံပြီး စေတနာထား လုပ်ရန်လိုကြောင်း၊ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပြီးချိန်မှစ၍ သူနာပြုတာဝန်ကို စတင်ပေးအပ်တာ ဖြစ်ကြောင်း၊ သူနာပြု ဆရာ/ဆရာမတွေသည် မည်သည့်အခြေအနေ အချိန်အခါနှင့် ကြုံတွေ့နေရပါစေ သူနာပြုတာဝန်ကို ကျေပွန်ရမှာဖြစ်ကြောင်း၊ ဘယ်လိုအခြေအနေ အချိန်အခါရောက်ပါစေ လူနာတွေအတွက် ကိုယ်ကျိုးကိုမငဲ့ဘဲ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ စေတနာ၊ ဂရုဏာ၊ မေတ္တာတရားတွေ လွှမ်းခြုံပြီး ပြည်သူလူထုကို စောင့်ရှောက်ပေးစေလိုကြောင်း စသည်ဖြင့် မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး သူနာပြုသင်တန်းကျောင်းအုပ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ကပေါ်ရှီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဦးစီးအရာရှိ ဒေါ်နန့်ဥမ္မာနှင့် မြောင်းမြပြည်သူ့ဆေးရုံကြီးမှ သူနာပြုဆရာမကြီး ဒေါ်ကျင်မှူးတို့က ကျောင်းသား/သူ (၇၀)ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်းများကို အပ်နှင်းပေးခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပထမဆုရရှိသူ ကျောင်းသူ နန့်သျှိုင်းကရေးလာ၊ ဒုတိယဆုရရှိသူ မမြတ်နိုးဝေဝေနှင့် တတိယဆုရရှိသူ နန့်အိရွှေစင်မိုးတို့ (၃)ဦးအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် အလှူငွေ (၅)သိန်းကိုပေးအပ်ရာ သူနာပြုသင်တန်းကျောင်းအုပ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ကဖော်ရှီးက လက်ခံရယူခဲ့သည်။
ထို့နောက် သင်တန်းဆင်း ကျောင်းသား/ ကျောင်းသူများမှ သူနာပြုသစ္စာအဓိဌာန် (၈)ချက်ကို ရွတ်ဆိုပြီးနောက် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)