ပေါင်းတည် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းတို့က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးကကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ပေးအပ်ခဲ့ပြီး ဆုရရှိသောသင်တန်းသား၊ သင်တန်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှူး ဦးကျော်စွာလင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးတို့က ဆုအသီးသီးချီးမြှင့်ခဲ့သည်။
ထို့နောက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့သည်။ အခမ်းအနားသို့ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
အေးအေးဆင့် (ပြန်/ဆက်)