ထားဝယ်မြို့တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် (အပြီးသတ်မူကြမ်း)အပေါ် တနင်္သာရီတိုင်းဒေသကြီးအဆင့် အကြံပြုဆွေးနွေးပွဲကျင်းပ

ထားဝယ် ဇွန် ၂၀

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် (အပြီးသတ်မူကြမ်း)အပေါ် တနင်္သာရီတိုင်းဒေသကြီးအဆင့် အကြံပြုဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က နိုင်ငံတော်အစိုးရက ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ထားပြီးဖြစ်သော မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၏ ရေရှည်မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင် အထောက်အကူဖြစ်စေရန် တိုင်းဒေသကြီးအတွင်း ရှိရင်းစွဲဖြစ်သော ကောင်းမွန်သည့်ဂေဟစနစ် သဘာဝသယံဇာတများကို ကာကွယ်ထိန်းသိမ်းပြီး လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် စသော ကဏ္ဍများတွင် ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းများကို ဖော်ထုတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက်ရှိကြောင်း၊ လုပ်ငန်းစီမံချက်များအား တိုင်းဒေသကြီး ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်းနှင့်တူညီစေရန်၊ ပြင်ဆင်နိုင်ရန်၊ တိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ထိရောက်အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ပြီး သန့်ရှင်းသောပတ်ဝန်းကျင်ကောင်းမွန်သောဂေဟစနစ်အား ပိုင်ဆိုင်နိုင်ရန် ကဏ္ဍများတွင်ဖော်ပြထားသော ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန်နည်းလမ်းများအပေါ်တွင် တက်ရောက်လာသော ဌာနဆိုင်ရာများအနေဖြင့် လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇော်မင်းအုန်းက တိုင်းဒေသကြီးအတွင်းရှိ ဒေသခံများအမြင်နှင့် သဘောထားများအပေါ် အခြေခံလျက် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ဖော်ထုတ်ရန်နှင့် လက်တွေ့ကျသော ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများဖော်ထုတ်ရန်၊ တိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ဖြေရှင်းဆောင်ရွက်ရာတွင် ဆက်စပ်ပတ်သက်သူများအားလုံးမှ ပူးပေါင်းဆောင်ရွက်ကြစေရန်၊ တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေခံမူများ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဥပဒေများကို ထည့်သွင်းစဉ်းစားလိုက်နာဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်ဖြင့် အကြံပြုဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်များပေါ် တက်ရောက်လာသူများအနေဖြင့် အကြံပြု ဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက် (အပြီးသတ်မူကြမ်း)အပေါ် အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)