ထားဝယ် ဇွန် ၂၀
သဘာဝဘေးစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းကို ယနေ့နံနက်၈နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် တောင်ကုန်း တောင်တန်းများထူထပ်ပြီး၊ အပူချိန်မြင့်မားကာ ပင်လယ်ကမ်းရိုးတန်းဒေသဖြစ် သဖြင့်မီးဘေး၊မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ ရေဘေးနှင့် မုန်တိုင်းဒီရေများရိုက်ခတ်မှုများ ကြုံတွေ့နိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်အား ဘက်စုံထောင့်စုံ၊ ကဏ္ဍစုံကနေပြီး အရှိန်အဟုန်ဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေသောအချိန်တွင် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ အဟန့်အတားများ မဖြစ်ရအောင် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို နိုင်ငံတော်နှင့်ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သင်တန်းကပို့ချပေးလိုက်သော သင်ခန်းစာများကို မိမိတို့၏ဌာနအလိုက် ဆောင်ရွက်သော လုပ်ငန်းနယ်ပယ်များတွင် အသုံးချနိုင်ရေးအတွက်အလေးထားသင်ကြားသွားရန်လိုအပ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင် ဘေးအန္တရာယ်နှင့် ရာသီဥတုကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေစီမံခန့်ခွဲမှုအား ထည့်သွင်းရေးဆွဲနိုင်မည့်အပြင် ဝန်ထမ်းများ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်လာမှာဖြစ်ပြီး ဘေးကင်းလုံခြုံပြီးရေရှည်ဖွံ့ဖြိုးတိုးတက်သည့် လူမှုအသိုက်အဝန်းကို ထူထောင်နိုင်ကြမှာ ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဒေါ်ဝင်းစန္ဒာကြည်က ထားဝယ်မြို့နယ်အတွင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို ပိုမိုနားလည်လာပြီး ဘေးအန္တရာယ်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် စီမံခန့်ခွဲရေးများကိုဆောင်ရွက်နိုင်စွမ်းရှိပြီး ဘေးဒဏ်ခံနိုင် စွမ်းမြှင့်တင်ပေးနိုင်ရန်နှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများကိုစီမံခန့်ခွဲရာတွင် ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်နေဆဲကာလနှင့် ဖြစ်ပွားပြီးနောက်လျှင်မြန်ထိရောက်စွာ ဖြေရှင်းကိုင် တွယ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီးသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
သင်တန်းတွင် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားဝန်ထမ်း(၅၀)ဦးအား ဇွန်(၂၄) ရက်နေ့အထိ သင်ကြားပို့ချပေးမှာဖြစ်ပြီ’ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို စီမံခန့်ခွဲရာတွင် ပါဝင်နေသော ခေါင်းဆောင်မှုဆိုင်ရာအပိုင်းများ၊ ပြဿနာအဖြေရှာမှုဆိုင်ရာ စွမ်းဆောင် ရည်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိတရားများ၊ အစီအမံများ စသည်တို့ကို သိရှိနားလည်စေရန် အဖွဲ့လိုက်ဆောင်ရွက်လေ့လာမှုများလည်းပါဝင်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)