ရေဦး ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်က ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိူမျိုးထိုက်က မိတ်ဆက်စကားနှင့်အတူ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ လုပ်ငန်းတာ၀န်များကို အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်၊ သူနာပြုဆရာမကြီး ဒေါ်ဌေးဌေးသန်း၊ ကျေးလက်ကျန်းမာရေးဌာန ဆရာမဒေါ် ခင်မိုး၀င်းတို့က သွေးလွန်တုပ်ကွေးရောဂါပိုး (virus)လေးမျိုးနှင့် ရောဂါပိုးသယ်ဆောင်သော ခြင်ကျားအကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ရှေ့ပြေးလက္ခဏာ အဆင့်(၄)ဆင့်၊ ရောဂါကူးစက်ပုံ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နေအိမ်၊ စာသင်ကျောင်းများတွင် ဖုံး၊ သွန် ၊လဲ၊ စစ် ပြုလုပ်ရမည့်နည်းလမ်းများနှင့် အဘိတ်ဆေးခပ်ထည့်နည်းများကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ပြန် /ဆက်)