၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအား ကြာအင်းဆိပ်ကြီးမြို့ စာဖြေဌာနမှ ရဟန်းသံဃာရှင်သာမဏေ (၂၄) ပါး အောင်မြင်တော်မူ

ကြာအင်းဆိပ်ကြီး ဇွန် ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ပရိယတ္တိသာသနာစာပေကျမ်းများ ကွယ်ပျောက်မသွားစေရေး အစဉ်အမြဲခိုင်မာတည်ရှိစေရေး ဗုဒ္ဓသာသနာတော်ကြီး ပိုမိုထွန်းကားပြန့်ပွားစေရေးနှင့် သာသနာ့အာဇာနည်ပုဂ္ဂိုလ် ရဟန်းသံဃာတော်အရှင်သူမြတ်များ ဆက်လက်ပေါ်ထွန်းလာစေရေးအတွက် အစိုးရပါဠိပထမပြန်စာမေးပွဲကို နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပြတ် နိုင်ငံတစ်ဝန်း ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲအား နိုင်ငံတစ်ဝန်းလုံးရှိ သက်ဆိုင်ရာစာ‌ဖြေဌာနများအသီးသီး၌ မေလ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းဖြင့် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့လယ်သာသနာ့ဗိမာန်တော်ကြီး၌ စာဖြေဌာနဖွင့်လှစ်၍ ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ စာဖြေဌာန၌ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးများကျောင်းမှ အစိုးရပါဠိပထမပြန်စာမေးပွဲအား ရဟန်းသာမဏေ(၇၂)ပါးမှ စာရင်းပေးသွင်းပြီး (၅၁)ပါးသာ ကြွရောက်ဖြေဆိုတော်မူခဲ့ကြောင်း သိရသည်။ အဆိုပါ အစိုးရပါဠိ ပထမပြန်စာမေးပွဲအား သာသနာရေးဝန်ကြီးဌာနမှ စာအောင်စာရင်းများ ထုတ်ပြန်ကြေညာပေးခဲ့ရာ၌ ကြာအင်းဆိပ်ကြီးမြို့ စာဖြေဌာနမှ ရဟန်းရှင်သာမဏေ ပထမလတ်တန်းမှ(၂)ပါး၊ ပထမငယ်တန်းမှ(၇) ပါး၊ အခြေပြုမူလတန်းမှ(၁၅)ပါး စုစုပေါင်း စာ‌အောင်ရဟန်းသာမဏေ(၂၄)ပါး ဖြေဆိုအောင်မြင်တော်မူခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး