ပဲခူး ဇွန် ၂၀
ပဲခူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက စစ်ပင်ဆိပ်ကျေးရွာအုပ်စု၊ စစ်ပင်ဆိပ်ကျေးရွာရှိ တောင်သူဦးသန်းဇော်၏ ကိုင်းမြေ (၃)ဧကတွင် စိုက်ပျိုးထားသော တိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ခင်း စိုက်ပျိုးထားရှိမှု အခြေအနေအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာခိုင်စပယ်မြင့်က တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစားအစာအဖြစ် ကျွေးမွေးရန်၊ ပြည်တွင်း ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းစေသော တိရစ္ဆာန်အစာများ ဖူလုံစွာ သုံးစွဲနိုင်ကြစေရန်နှင့် နေဗီယာမြက်ကို နွားစာအဖြစ် ကျွေးမွေးပါက နို့စားနွားများတွင် နို့ထွက်နှုန်းပိုမိုကောင်းမွန်လာခြင်း၊ ခိုင်းနွားနှင့်အခြားနွားအမျိုးအစားများတွင် အသားအရေပိုမိုဖွံ့ဖြိုးလာပြီး လိုအပ်သောအာဟာရဓာတ်ပမာဏများ ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ နေဗီယာမြက် (၃)ဧက စိုက်ပျိုးထားရှိခြင်း ဖြစ်ကြောင်းသိရသည်။
သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်ဆက်)