ပခုက္ကူ ဇွန် ၂၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့်စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၄နာရီအချိန်က အဆိုပါတက္ကသိုလ် (Recreation Center) နှစ်ထပ်ဆောင်ခန်းမ၌ ကျင်းပသည်။
ပထမဦးစွာ ပခုက္ကူတက္ကသိုလ်၊၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲများကျင်းပကြရာ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် သတ္တဗေဒဌာန(အမျိုးသား)နှင့် ဒဿနိကဗေဒဌာန(အမျိုးသမီး)တို့က စစ်တုရင်ပြိုင်ပွဲတွင် သင်္ချာဌာန(အမျိုးသား)နှင့် သင်္ချာဌာန (အမျိုးသမီး)တို့ကလည်းကောင်း အသီးသီးအနိုင်ရဗိုလ်စွဲကြသည်။
ယင်းနောက် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာ ဝင်းအိအိ၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာခင်ခင်ထွတ်နှင့် ဘာသာရပ်ဌာန ပါမောက္ခ(ဌာနမှူး)တို့က ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆင့်မြင့်တက္ကသိုလ်အတန်းပညာရပ်များအပြင် ဗလငါးတန်နှင့်ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများအကြား စည်းလုံးညီညွတ်မှုပိုမိုရရှိစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ပိုမိုရှင်သန်ထက်မြက်လာစေရန် အားကစားပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ပြီး ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံ(၁၀)ဌာနမှ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ (ပြန်/ဆက်)