အထက်မင်းလှ ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကန်တုတ်ကျေးရွာအုပ်စု၊ ဆောင့်ညောင်ကျေးရွာရှိ သောက်သုံးရေကန်တွင် သဘာဝပေါက်ရောက်နေသော ပဒုမ္မာကြာဖြင့် ကြာခြည်ထုတ်လုပ်နိုင်ရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်တို့က ပဒုမ္မာကြာဖြင့် ကြာခြည်ထုတ်လုပ်ခြင်းနှင့် ကြာခြည်ထုတ်လုပ်နိုင်မည့်အတိုင်းအတာများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် စလင်းမြို့နယ်မှ ကြာခြည်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသူများက ပဒုမ္မာကြာဖြင့် ကြာခြည်ထုတ်လုပ်မှုအား လက်တွေ့သရုပ်ပြသခဲ့သည်။
မင်းလှမြို့နယ် ကန်တုတ်ကျေးရွာအုပ်စု၊ ဆောင့်ညောင်ကျေးရွာရှိ သောက်သုံးရေကန်မှ သဘာဝပေါက်ရောက်နေသော ပဒုမ္မာကြာသည် ကြာခြည်ထုတ်လုပ်ရန် အရည်အသွေးပြည့်ဝသည့်အတွက် ကြာခြည်ထုတ်လုပ်နိုင်ရေးနှင့်ဒေသခံပြည်သူများမှ စိတ်ပါဝင်စားမှုရှိပြီး၊ ကြာခြည် ထုတ်လုပ်နိုင်ပါက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေခြင်း၊ မိသားစုအပိုဝင်ငွေရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။
ဇာဇာ(အထက်မင်းလှ)