ပေါက်ခေါင်း ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်က စတင်ဆွေးနွေးပြောကြားရာတွင် မြို့နယ်အတွင်းရှိ ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်မြေအားလုံး သုံးသီးစားစနစ် ပြောင်းလည်းစိုက်ပျိုးနိုင်ရေး၊ မိုးစပါးများ ဧကပြည့်မီ စိုက်ပျိုးနိုင်ပြီး၊ နွေစပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် စပါးစိုက်ပျိုးရာတွင် မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးနိုင်ရေးတို့ကို ဦးစွာပြောကြားသည်။
ဆက်လက်၍ ဆီထွက်သီးနှံမြေပဲ၊နှမ်းအပြင် နေကြာကို သီးသန့်တိုးချဲ့စိုက်ပျိုးနိုင်ရန်၊ မွေးမြူရေးအနေဖြင့် တိုင်းရင်းကြက်၊ ဒေသကြက်များ မွေးမြူနိုင်ရေး ဆောင်ရွက်ရန်နှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ တစ်လလျှင်(၁၀) ရွာကွင်းဆင်းဆောင်ရွက်မှု အခြေအနေများနှင့်လုံခြုံရေးကိစ္စရပ်များအထူးအလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားရှင်းလင်းပြောကြား သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်