ရွှေကူမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ပြီး အားပေးစကားပြောကြား 

ရွှေကူ ဇွန် ၂၀

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊‌ ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့်  မြစ်ကမ်းနံဘေးရှိ ကျေးရွာများနှင့် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးနှစ်မြုပ်၍ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြသော ရေဘေးသင့် အိမ်ထောင်စု များအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ ယနေ့နံနက် ၁၀ နာရီခန့်တွင် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့မှုများတွင် မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ဗိုလ်မှူးကျော်မိုးသွင်၊ မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မိုးလေဝသနှင့်ဇလဗဒညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်ပြန်/ဆက် ဦးစီးမှူးနှင့် မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အမှတ်(၄)ရပ်ကွက်၊ သူဌေးတောရဘုန်းတော်ကြီးကျောင်း၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ အမှတ်(၃)ရပ်ကွက်၊ ပုပ္ပါရုံဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုရားဝန်းတို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း(၄)ခုရှိ အိမ်ထောင်စု (၂၄)စု အတွက် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများကို ထောက်ပံ့‌ပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

ရွှေကူမြို့အတွင်း စိုးရိမ်ရေအမှတ်မှာ (၉၃၀)စင်တီမီတာဖြစ်ပြီး  မိုးလေဝသနှင့်ဇလဗဒညွှန်ကြားမှု ဦးစီးဌာနမှ ဇွန်လ ၂၀ ရက် နံနက် ၁၀  နာရီခွဲအချိန်နှင့် ၁၁ နာရီခွဲအချိန် တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၌ (၉၂၇)စင်တီမီတာဖြစ်ပြီး‌ လက်ရှိတွင် မြစ်ရေမြှင့်တက်မှု အခြေအနေမှာ (၉၂၇)စင်တီမီတာတွင် ရပ်တံ့နေကြောင်း သိရသည်။

ခင်ပပသိန်း(ပြန်/ဆက်)