လောင်းလုံးမြို့နယ်တွင် အသက် (၅) နှစ်မှအထက် ကလေးသူငယ်များ၊ ကျောင်းသား/သူများ နှင့် ပြည်သူများအား ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

လောင်းလုံး   ဇွန်    ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အသက် ၅ နှစ်မှအထက် ကလေးသူငယ်များ၊ ကျောင်းသား/သူများနှင့် ပြည်သူများအား ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က လောင်းလုံးမြို့နယ်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် အသက် ၅ နှစ်နှင့်အထက် ကလေးသူငယ်များ၊ ကျောင်းသား/သူများနှင့် ပြည်သူများအား ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် (ပထမအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေးမထိုးရသေးသောသူများနှင့် (ဒုတိယအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ထိုးနှံပေးခြင်း၊ ဒုတိယအကြိမ် ထိုးနှံပြီး၍ (၆) လ ပြည့်ပြီးသူများကို Booster Dose ကို ဆက်လက်ထိုးနှံပေးခဲ့ပြီး ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှတ်တမ်း ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေး စနစ်တကျထိုးနှံပေးခဲ့ကြောင်းနှင့် ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့်အဖွဲ့များက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လောင်းလုံးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထိုက်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ဦးတို့ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သိန်းသိန်း (လောင်းလုံး)