စပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ (DRUM SEEDER) နှင့် လူထိုင်စီး သမန်းမွှေ ကိရိယာဖြင့် ထွန်ယက်ခြင်း သရုပ်ပြပွဲကျင်းပ

တောင်ငူ ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက တောင်ငူမြို့ ကန်ရိုးကျေးရွာ မိုးစပါးသရုပ်ပြစိုက်ကွင်းအတွင်း စပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ ( DRUM SEEDER ) နှင့် လူထိုင်စီး သမန်းမွှေ ကိရိယာဖြင့် စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲ ကျင်းပသည်။

ထိုသို့ ကျင်းပရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံ  ဦးမျိုးညွန့်က စပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ (DRUM SEEDER) လုပ်ဆောင်မှု အဆင့်ဆင့်နှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ တောင်ငူမြို့နယ်အတွင်း နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် မိုးစပါးစိုက်ပျိုးဧက ပြီးစီးမှုအခြေအနေ များနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးထက်ထက်မင်းက လက်ကိုင်းရှည် လက်တွန်းထွန်စက် လူထိုင်စီး၍ သမန်းမွှေ ကိရိယာဖြင့် ထွန်ယက်ခြင်း အဆင့်ဆင့်အား ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်က လိုအပ်သည်များအား ဖြည့်စွက်ပြောကြားသည်။

ထို့နောက် သရုပ်ပြပွဲသို့တက်ရောက်ကြသည့် ခရိုင်နှင့် မြို့နယ်အဆင့်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများက စပါးတိုက်ရိုက် မျိုးစေ့ချကိရိယာ (DRUM SEEDER) စိုက်ပျိုးနည်းနှင့် လူထိုင်စီး သမန်းမွှေ ကိရိယာဖြင့် ထွန်ယက်ခြင်း သရုပ်ပြသခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်