ကန့်ဘလူ၌ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း စိုက်ပျိုးနည်းပညာပေးသင်တန်း ဖွင့်လှစ်

ကန့်ဘလူ ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း စိုက်ပျိုးနည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စိုက်ပျိူးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးအောင်က မိုးစပါး မျိုးစေ့ထုတ်လုပ်ခြင်း စိုက်ပျိုးနည်းပညာပေးသင်တန်း အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာတွင် မည်သည့်သီးနှံစိုက်စိုက် (မျိုးကောင်းမျိုးသန့်) မျိုးစေ့သည် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သည့်အတွက် မျိုးစေ့ထုတ်လုပ်သည့်နည်းပညာသည် အလွန်အရေးပါသည့် နည်းပညာတစ်ခုဖြစ်ကြောင်း၊ မျိုးစေ့ထုတ်စိုက်ခြင်းဖြင့် မိမိတို့ကိုယ်တိုင် မျိုးစေ့ထုတ်နည်းပညာကို လက်တွေ့သိရှိပြီး ကိုယ်တိုင်မျိုးစေ့ထုတ်နိုင်စေရန်၊ မျိုးကောင်း မျိုးသန့်မျိုးစေ့ရှာဖွေဝယ်ယူရသည့် ပြဿနာ ပြေလည်နိုင်စေရန်နှင့် မျိုးစေ့ဖိုးကုန်ကျစရိတ် သက်သာနိုင်စေရန်၊ မိမိတို့ရပ်ရွာ မျိုးသန့်မျိုးစေ့အလွယ်တကူ ရရှိနိုင်စေရန်၊ ဝင်ငွေပိုမိုရရှိပြီး စီးပွားရေးပြေလည်လာနိုင်စေရန်နှင့် တဖြည်းဖြည်း မျိုးသန့်စံပြကျေးရွာများ ဖြစ်ပေါ်လာနိုင်စေရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ကန့်ဘလူမြို့နယ်တွင် မိုးစပါးအပါအဝင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ကြံ၊ နှစ်ရှည်ပင်၊ ပရဆေးပင်နှင့်အခြားသီးနှံ စုစုပေါင်း ၅၈၇၁၃၂ ဧကလျာထားစိုက်ပျိုးခဲ့ရာ ယနေ့အထိ မိုးသီးနှံစုံ ၆၃၅၅၈ ဧကစိုက်ပျိုးပြီးစီးပြီး ကျန်သီးနှံများကိုလည်း လျာထားဧက ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)