ပြည်မြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဒေသဖွံ့ဖြိုးရေးနည်းပညာပေးဆွေးနွေးပွဲများ ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်

ပြည် ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့က မှော်ဇာကျေးရွာအုပ်စု တောင်လုံးညိုကျေးရွာဓမ္မာရုံ၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။      

ယင်းနည်းပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သော  မြို့နယ်ဌာနဆိုင်ရာ‌ ပေါင်းစုံမှ တာဝန်ရှိသူများအဖွဲ့က ကျေးရွာပြည်သူများအား နွေစပါး၊ မိုးစပါး၊ ကြံနှင့် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် နေကြာနှင့်ဆီထွက်သီးနှံများ အထွက်တိုးရေး စနစ်တကျ စိုက်ပျိုးရေးနည်းပညာများ၊ နှစ်ရှည်ပင်နှင့် အခြားသီးပင်စားပင်များ စီးပွားဖြစ်စိုက်ပျိုးနည်းနှင့် သဘာဝမြေဩဇာ ပြုလုပ်အသုံးပြုနည်း၊ မေထုန်မဲ့နွားသားစပ်နည်းနှင့် ဆပ်ပြာဆီပြုလုပ်နည်း အစရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးဆိုင်ရာ နည်းပညာများနှင့် စိုက်ပျိုးရေရရှိရေးနှင့် ရေပေးဝေမှုအခြေအနေများ၊ လယ်ယာ‌မြေအသုံးချမှုနှင့် လယ်ယာ‌မြေဥပဒေများ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ် ဆောင်ရွက်ပေးနေမှုများနှင့် အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် လက်တွေ့သရုပ်ပြ ဟောပြောဆွေးနွေးခဲ့ကြပြီး ကျေးလက်ပြည်သူများက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ပြည်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးနှင့် လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် နည်းပညာများမျှဝေပေးခြင်း၊ လက်တွေ့သင်တန်းပေးခြင်းနှင့် အသိပညာပေး‌ဆွေးနွေးပွဲများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဆက်