လှိုင်းဘွဲ ဇွန် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသော ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေဖြင့် စနစ်တကျဆောင်ရွက် နိုင်ရန်အတွက် အခြေခံဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ကျေးရွာများမှ မိုးရာသီကာလအတွင်း ဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရေကောင်းရေသန့်များရရှိရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့်ပစ္စည်းများ၊ ကျေးရွာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် နေရာများစနစ်တကျထားရှိနိုင်ရေးနှင့် ကူညီ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရောဂါများဖြစ်ပွားမှုမရှိစေရန်အတွက် ကျန်းမာရေးနှင့်ပူးပေါင်း၍ ဆောင်ရွက်ရမည့်အချက်များကို ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို ကျေးရွာများမှကြက်ခြေနီတပ်ဖွဲ့ဝင် သင်တန်းသား(၁၄)ဦးနှင့် သင်တန်းသူ(၁၉)ဦးဖြင့် (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)