ရွှေဘို ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်၁၀နာရီအချိန် ရွှေတန်စာဘုရားဝင်းအတွင်း ကျင်းပခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌဒေါ်ခင်မဥ္ဇူဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသဲစုလှိုင်က မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ၊ ကာကွယ်ခြင်းကုသခြင်း၊ ခြင်များမပေါက်ပွားစေရန် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အမှတ်(၇)ရပ်ကွက် အတွင်းရှိ နေအိမ်များတွင် ပိုးလောက်လန်းပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးခြင်း၊ ရေအိုး၊ ရေကန်များ၊ ဘုရား ပန်းအိုး၊ ရေစည်၊ ရေပုံးများတွင် ပိုးလောက်လန်းပေါက်ပွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ပွားမှု မရှိစေရေးအတွက် အသိပညာပေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)