ရှမ်းရွာသစ် ဇွန် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှကင်းဝေးစေရန် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ကျေးလက်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်စောင့်ရှောက်မှုကို စနစ်တကျခံယူရန်၊ မိမိကြိုက်နှစ်သက်ရာ အစားအစာများကို ရွေးချယ်စားသုံးခြင်းမပြုဘဲ အစာအာဟာရ (၃) အုပ်စုကို မျှတပြည့်ဝစွာစားသုံးရန်စသည့် ကျန်းမာရေးအကြောင်းသိကောင်းစရာများလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အကြောင်းအရာများ၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန် အချက်များစသည်ဖြင့် အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများထိုးပေးခြင်း၊ သံချဆေးတိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ရာဇဝင်မေးခြင်း၊ HIV/AIDS ရောဂါစစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်းနှင့် လိုအပ်သောကျန်းများရေးစောင့်ရှောက် ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)