မြို့သစ် ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နွေစပါး ဧကခြောက်ထောင်ကျော် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းကာ နွေစပါးစိုက်ပျိုးသူများ ဆက်လက်ရိတ်သိမ်းနေကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် နတ်မောက်ဆည်၊ လက်ယာမြောင်း၊ လက်ဝဲမြောင်း၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်၊ ပုလင်းဆည်နှင့် ဘုတ်ချောင်းဆည်တို့မှ ရရှိသော စိုက်ပျိုးရေဖြင့် နွေစပါးဧက ခြောက်ထောင်ကျော်တို့သည် ရွှေဝါရောင်စပါးနှံများဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နွေစပါးများ စတင်ရိတ်သိမ်းနေပြီ ဖြစ်သည်။
သီးနှံစိုက်ပျိုးတောင်သူဦးကြီးများအနေဖြင့် နွေစပါးရိတ်သိမ်းပြီးပါက မိုးစပါးဆက်လက်စိုက်ပျိုးရန် ပြင်ဆင်ထားကာ စိုက်ပျိုးမည့် စပါးမျိုးများကိုလည်း အဆင်သင့်ပြုလုပ်ပြီး ဖြစ်သည်။
နွေစပါးအဖြစ် ရတနာတိုးစပါး၊ ရက်ကိုးဆယ်စပါးမျိုးများ စိုက်ပျိုးခဲ့ပြီး စပါးစိုက်ပျိုးတောင်သူများ မိုးစပါး တစ်ဧကတင်း၁၀၀ကျော် အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)